International News

အမေရိကန်ဒေါ်လာ (၃၃)သန်းတန်ဖိုးရှိ တန်ဖိုးကြီးကုန်ပစ္စည်းမှောင်ခိုတင်သွင်းမှုများအား ကွမ်တုန်းအကောက်ခွန်က နှိမ်နင်းခဲ့

Last Updated:

မကြာသေးမီက တရားမဝင်တင်သွင်းလာသော သံသယဖြစ်ဖွယ် အိတ်(၈)လုံးအား ကွမ်ကျိုးအကောက်ခွန်ဌာနက ဖမ်းဆီးခဲ့ကာ ယွမ်ငွေ သန်း (၂၃၀)ခန့် (အမေရိကန်ဒေါ်လာ ၃၃.၆ သန်းခန့်) တန်ဖိုးရှိ တန်ဖိုးကြီးအိတ်များ၊ အဝတ်အထည်များနှင့် လက်ဝတ်ရတနာ များကို သိမ်းဆည်းခဲ့သည်ဟု သိရပါသည်။

big data ဆန်းစစ်မှုအား အသုံးပြုကြည့်သည့်အခါ ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုက e-commerce platformအချို့တွင် ထည့်သွင်းထားသော mini program များမှ တဆင့် တရားမဝင်တင်သွင်းမှုပြုလုပ်နေကြောင်း ကွမ်ကျိုးအကောက်ခွန်အာဏာပိုင်များက ရှာဖွေတွေ့ရှိခဲ့ပြီး ဇူလိုင်လ (၂၈)ရက်နေ့တွင် သံသယဖြစ်ဖွယ်ကိစ္စ(၈)ရပ်အား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါသည်။

၎င်းကုမ္ပဏီသည် ၂၀၁၄ ခုနှစ်မှစတင်၍ အမြန်ချောပို့နှင့် နိုင်ငံဖြတ်ကျော် e-commerce မှတဆင့် နိုင်ငံတဝှမ်းဝင်ပေါက်အချို့မှ နာမည်ကျော်ဇိမ်ခံအမှတ်တံဆိပ်များထံမှ တန်ဖိုးကြီးကုန်ပစ္စည်းများပါဝင်သည့် အိတ်ပေါင်း (၁၄၀,၀၀၀)ကျော်အား တရားမဝင် တင်သွင်းခဲ့မှုအတွက် သံသယဖြစ်ခံခဲ့ရခြင်းဖြစ်ကြောင်း ကွမ်ကျိုးအကောက်ခွန်ဌာနမှ သိရပါသည်။

e-commerce platform များမှ ပစ္စည်းများဝယ်ယူသည့်အခါ ရောင်းသူများထံသို့ ငွေပေးရသဖြင့် စိတ်ချရသည်ဟု ဝယ်သူများဘက်က ယုံကြည်ကြပါသည်။ သို့ရာတွင် ရောင်းသူများက ၎င်းတို့၏ လုပ်ငန်းမိတ်ဖက်များထံသို့ နိုင်ငံခြားဈေးကွက်များထဲမှ ဇိမ်ခံပစ္စည်းများ ဝယ်ယူစေ၍ တရားမဝင်နည်းလမ်းဖြင့် ၎င်းတို့ထံပို့ပေးစေခြင်းဖြစ်သည်ဟု အကောက်ခွန်ဌာနက ပြောကြားပါသည်။  အဖမ်းခံရသောအုပ်စုက ၎င်းတို့ရောင်းချသော ဇိမ်ခံပစ္စည်းများမှာ အခွန်အခ တစ်စုံတစ်ရာပေးဆောင်ထားခြင်းမရှိသောကြောင့် ဈေးနှုန်းပိုမိုချိုသာကြောင်းပြော၍ ရောင်းချလေ့ရှိသည်ဟု သိရပါသည်။

 

ရင်းမြစ်၊ Global Times Net (၇-၉-၂၀၂၀)

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News